Thursday, January 14, 2021

⚜ မင်းခေါင်းထဲကသူ့ကိုထုတ်ပစ်လိုက်ဖို့နည်းလမ်း_၁၂_သွယ် ⚜

 (သတိ #ချစ်သူရှိသူများမဖတ်ရ)

ရည်းစားနဲ့ပြတ်ပြီးလွမ်းနေဆွေးနေတဲ့သူတွေအတွက် PRIDE မဂ္ဂဇင်းက ဆောင်းပါးရှင် Zachary_Zane ရေးသားထားတဲ့ “12 Ways to Get Him Out of Your Head(မင်းခေါင်းထဲက သူ့ကို ထုတ်ပစ်လိုက်ဖို့ နည်းလမ်း ၁၂ သွယ်) ဆောင်းပါးကို ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

မင်းခေါင်းထဲကသူ့ကိုထုတ်ပစ်လိုက်ဖို့နည်းလမ်း_၁၂_သွယ်

#12_Ways_to_Get_Out_of_Your_Head

မင်းရဲ့ရည်းစားဟောင်းအကြောင်းတွေးပြီးအတိတ်မှာပဲအသက်ရှင်နေတာဟာ  မင်းအတွက်ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ သာမန်သူငယ်ချင်းတယောက်ထက် ပိုဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလို့ မင်း သိနေလောက်ပြီဖြစ်တဲ့သူက မင်းရဲ့ ရည်းစားဟောင်းပဲဖြစ်ချင်လည်းဖြစ်မယ်၊ ကိုယ်ကျိတ်ကြွေနေတဲ့သူဖြစ်ချင်လည်း ဖြစ်မယ် ဒါမှမဟုတ် အရမ်းရင်းနှီးလွန်းတဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းဖြစ်ချင်လည်း ဖြစ်မယ်။ သူဟာ ဘယ်သူပဲဖြစ်ဖြစ် သူ့အကြောင်း တွေးတော စဥ်းစားနေတာကို မင်းမရပ်နေနိုင်ဘူး။ သူများ စာလေး ပြန်ပို့ထားမလားဆိုပြီး ဖုန်းကို ခဏခဏ ယူကြည့်ရတာလည်း အမော။ သူ့နဲ့များ မင်္ဂလာဆောင်ဖြစ်ခဲ့မယ်ဆိုရင်ဆိုတဲ့ စိတ်ကူးမျိုး၊ မင်းတို့အတူတူ ကလေးလေးတွေ မွေးစားကြမယ် ဘာလုပ်ကြမယ် ညာလုပ်ကြမယ် ဆိုတဲ့ စိတ်ကူးအိမ်မက်လေးတွေကို စိတ်ကူးပုံဖော်နေတာမျိုး လုပ်ဖြစ်နေမယ်ဆိုရင် ... ။

အဲဒါတွေကို မင်း ရပ်ပစ်လိုက်ပါတော့ကွာ။ အဲလို လုပ်နေတာတွေက မင်းရဲ့ ကျန်းမာရေးအတွက် လုံးဝမကောင်းဘူး။ နည်းနည်းလေးမှ မကောင်းဘူး။ ဒါပေမယ့် သူ့အပေါ်စွဲလမ်းနေတာကို ဘယ်လို ရပ်တန့်ပစ်ရမလဲဆိုတာကိုလည်း မင်းမသိဘူးဆိုရင် ... ။

ကောင်းပြီ . . . သူ့ကို မင်းဆီကနေ မင်းရဲ့ အမွှေးအမျှင်တချောင်းတလေမှာတောင် ကပ်မနေတော့အောင် ပစ်ထုတ်လိုက်ဖို့ နည်းလမ်း (၁၂) ခု ကို ဒီမှာ ပေးထားပါတယ်။ တချက်လောက် ကြိုးစားကြည့်လိုက်စမ်းပါ။

#1_သူ့ကိုစာပို့နေတာတွေကိုရပ်လိုက်ပါ

(STOP texting him)

⚜️ အသိသာဆုံး လက်တွေ့အကျဆုံး ဖြေရှင်းနည်းတခုနဲ့ စလိုက်ကြရအောင်။ သူ့ကို မင်း စာပို့နေတာတွေအကုန် ရပ်လိုက်ပါ။ မင်းသူ့ကို စာပို့မိနေအုံးမယ်ဆိုရင် သူ့ဆီက စာလေးများ ပြန်လာမလားဆိုတာကို စွဲလမ်းပြီး စောင့်နေမိလိမ့်မယ်။ အဲဒီလို စားမြုံ့ပြန်နေတာက မင်းကို တဖြည်းဖြည်း မသိမသာ ရူးသွပ်သွားစေနိုင်တယ်။ မင်းကပဲ သူ့ကို ပိုပြီး တွယ်တာသလိုမျိုး မင်းရဲ့စိတ်ကို ထင်မြင်လာစေလိမ့်မယ်။ (ဘာကြောင့်လဲဆိုတော့ အဲလိုဆိုရင် မင်းမှာ သူ့အကြောင်းတွေးဖို့ ကြောင်းကျိုးဆီလျော်တယ် တရားနည်းလမ်းကျတယ် လို့ ထင်မြင်မိမှာမို့ပဲ။ “ဘယ်အချိန်များ သူငါ့ကို စာပြန်ပို့မှာပါလိမ့်” ဆိုတာမျိုးပေါ့)

#2_သူ့အကြောင်းတွေးတောနေဖို့ပုံဖော်နေဖို့မကြိုးစားပါနဲ့တော့

(DON’T try to figure him out)

⚜️ သူများ ဘာတွေ တွေးနေမလဲ? သူ ငါ့ကို တကယ်ချစ်ခဲ့တာပါ ဆိုတဲ့ အတွေးမျိုး၊ ဘာကြောင့် ငါ့ကို ဒီလို ပြောရတာလဲဆိုတဲ့ အတွေးမျိုး၊ ဒါမှမဟုတ်လည်း ဘာကြောင့် ငါ့ကို မပြောခဲ့တာလဲဆိုတဲ့အတွေးမျိုး၊ ငါ့အကြောင်းများ တွေးနေမလား ဆိုတာမျိုးတွေ တွေးပြီး သူ့အကြောင်းကို ပုံဖော်ဖို့ ကြိုးစားမနေပါနဲ့တော့။ လူတွေဟာ သူတို့ရဲ့ခံစားချက်ကို မထိခိုက်အောင် ကြိုးစားတဲ့နေရာမှာ တခါတရံ လိမ်လည်တတ်ပါတယ်။ တဖက်က တွေးချင်မှ တွေးနေမှာကို သိနေပေမယ့် အဲလို တွေးလိုက်လို့ ရင်နာရမှာကို ကြောက်ပြီး ကိုယ့်ဘာသာကိုယ် ရဲဆေးတင်ပြီး ဟုတ်လိမ့်နိုးနိုးတွေ စိတ်သက်သာရာရအောင် လျှောက်တွေးနေတတ်ပါတယ်။ သူက တွေးချင်လည်း တွေးမယ် မတွေးချင်လည်း မတွေးဘူး။ အဲဒါကို အစွဲလမ်းမလွန်ပါစေနဲ့။

#3_မင်းရဲ့အတွေးတွေဟာအဖြစ်မှန်တွေမဟုတ်ဘူးဆိုတာသတိယပါ

(REMEMBER, your thoughts aren’t facts)

⚜️ မင်းသိတယ်လို့ မင်းထင်နေတဲ့အရာကို သတိယနေတာဟာ အမှန်တရားတော့ မဟုတ်ပါဘူး။ ငါတို့ဟာ တကယ့်တကယ် ဖြစ်နေတာတွေထက် ငါတို့ ကြားချင်တာကိုပဲ ရွေးပြီး ကြားတတ်ကြတဲ့သဘောမျိုးရှိကြတယ်။ အခြေအနေတွေ ဘာဖြစ်နေတာလဲဆိုတာနဲ့ ပတ်သက်ပြီး ရွေးချယ်တတ်တဲ့ မှတ်ဉာဏ် ငါတို့အားလုံးမှာ ရှိတယ်။ တခါတလေ တကယ်ဖြစ်နေတာကို မြင်နေပါလျက်နဲ့ ငါတို့ အကုန် မမြင်တတ်ကြဘူး ငါတို့ စိတ်ဝင်စားတဲ့ ငါတို့ အာရုံ စူးစိုက်တဲ့ နေရာလောက်ကိုသာ မြင်တတ်ကြတယ်။ ဒါကလည်း သဘာဝပါပဲ။ ဒါ့ကြောင့် ဒါကို လက်ခံထားပါ။ အခြေအနေက ဘယ်လိုဖြစ်မယ်ဆိုတာ၊ ဘာဆက်ဖြစ်မယ်ဆိုတာနဲ့ပတ်သက်ပြီး မင်းအနေနဲ့ တိတိကျကျ မသိနိုင်ပါဘူး။

#4_အခြေအနေကနေပြန်လည်ရှင်သန်ဖို့နည်းလမ်းတွေကိုစဥ်းစားပါ

(THINK about ways to grow from the situation)

⚜️ အချစ်ဇာတ်လမ်းမှန်သမျှ၊ အိပ်ယာပေါ်ကပတ်သက်မှုအတွေ့အကြုံမှန်သမျှဟာ သင်ခန်းစာယူဖို့ အခွင့်အလမ်းတွေပါဘဲ။ သူ့ဆီက မင်းဘာရခဲ့လဲ ဘာတွေ သိခဲ့လဲ ဆိုတာနဲ့ပတ်သက်ပြီး သင်ခန်းစာယူနိုင်ဖို့ ကြိုးစားပါ။ အဲလိုဆိုရင် မင်းအနေနဲ့ သူနဲ့ ခင်မင်ခဲ့ရ၊ ရင်းနှီးခဲ့ရ၊ ကျိတ်ကြွေခဲ့ရ (အတူအိပ်ခဲ့ရတာကအစ) ပတ်သက်ခဲ့ရတာက ဆုံးရှုံးမှုတခုလို့ ခံစားမိတော့မှာ မဟုတ်ဘူး။ သူ့ဆီကနေ မင်းသဘောကျတဲ့ အကြောင်းအရာတွေက ဘာတွေ ဖြစ်ခဲ့လဲ? သူနဲ့ ပတ်သက်ခဲ့မှုမှာ မင်း ဘာတွေ မှားယွင်းခဲ့တာမျိုးရှိလဲ? (အကယ်၍ တခုခု မှားယွင်းခဲ့တယ်လို့ မင်းထင်ရင်ပေါ့)

#5_အတိတ်ကိုချန်ပြီးအနာဂတ်အတွက်ကြံပါ

(THINK to the future, not the past)

⚜️ မင်းဘာတွေ လုပ်ခဲ့လဲ ဘာတွေ မလုပ်ခဲ့ဘူးလဲ ဆိုတာတွေကို မင်းကြိုးစား တွေးတောပြီး သင်ခန်းစာယူလိုက်ပြီးရင် အဲဒီ အတိတ်အပေါ်မှာ စွဲလမ်းမနေပါနဲ့တော့။ မင်း သင်ခန်းစာယူရမယ် ပြီးတော့ ‌ရှေ့ကို ဆက်လက် ချီတက်ရမယ်လေ။ အနာဂတ်အတွက် စဥ်းစားပါ။ လိုအပ်သည်ထက်ပိုပြီး အတိတ်ကာလတွေမှာပဲ ရှင်သန်မနေပါနဲ့။ လိုအပ်သည်ထက်ဆိုတာ မေ့လိုက်လို့ မဖြစ်တဲ့ တချို့အရာတွေကလွဲရင်ပေါ့။

#6_နောက်ဘဲတဗွေနဲ့စခန်းသွားပါ

(BONE another dude)

⚜️ မင်းကိုယ်မင်း တခြားသူတွေထက် သာတယ် ပိုကောင်းတယ် ဆိုတာ မင်းသိပါတယ်။ တစုံတယောက်ကို မေ့လိုက်နိုင်ဖို့ တခြားလူတယောက်ယောက်နဲ့ အတူအိပ်လိုက်တာမျိုးက တချို့လူတွေအတွက်ကတော့ အဲဒါ တကယ် အလုပ်ဖြစ်တယ်။ တချို့တချို့တွေကျတော့လည်း အဲလို အိပ်လိုက်ကာမှ ရည်းစားဟောင်းကို ပိုပြီး သတိယသွားတာမျိုးလည်း ဖြစ်တတ်သေးတယ်။ ဒါပေမယ့် မကြိုးစားကြည့်သေးဘဲနဲ့တော့ ဒီနည်းလမ်းဟာ မကောင်းဘူးဆိုပြီး မဝေဖန်ပါနဲ့အုံးလို့ ပြောချင်ပါတယ်။ အဆင်ပြေချင်လည်း ပြေသွားနိုင်မှာမို့လို့ပါ။

#7_သူငယ်ချင်းနဲ့သူတို့ရဲ့ပြဿတွေအကြောင်းပြောပါ

(TALK to friends about their problems)

⚜️ မင်းရဲ့ သူငယ်ချင်းတွေကို စိတ်ထွက်ပေါက်ပေးလိုက်တာကလည်း ကောင်းပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ပြောကြဆိုကြတဲ့အခါ ကိုယ့်ရဲ့အကြောင်း ကိုယ့်ဆီကို မြှားဦးလှည့်လာမယ့် ကိစ္စမျိုးကို ရှောင်ပါ။ သူတို့ရဲ့ ပြဿနာတွေ အဆင်မပြေမှုတွေအကြောင်းကိုသာ သူငယ်ချင်းတွေနဲ့ ပြောကြပါ။ သူတို့အတွက် သူငယ်ချင်းကောင်းအဖြစ် နေကြည့်ပါ။ သူတို့ရဲ့ အဆင်မပြေမှုတွေ ပြဿနာတွေ နားထောင်ရင်း ပြောကြဆိုကြရင်းနဲ့ ကိုယ့်ရဲ့ အကြောင်းနဲ့ သူ့ကို စဥ်းစားချင်နေတဲ့ စိတ်တွေ လျော့ပါး ပျောက်သွားပါလိမ့်မယ်။

#8_သူငယ်ချင်းတွေနဲ့ညအလည်ထွက်ပါ

(HAVE a friend’s night)

⚜️ မင်းရဲ့ မိန်းကလေးသူငယ်ချင်းတသိုက်နဲ့ အပြင်ထွက်လည်ပါ။ ရုပ်ရှင်သွားကြည့်ပါ။ အကပွဲတွေ သွားကြည့်ပါ။ မြို့အနှံ့ လျှောက်ပြီး လည်ကြပတ်ကြပါ။ စိတ်ပါရင် ဝင်ကလိုက်အုံး။ ရည်းစားဟောင်းကောင်လေးထက် ဘဝဆိုတာ အဲဒါထက် အများကြီးပိုပြီး အဓိပ္ပါယ်ရှိပါသေးတယ်ဆိုတာကို သတိယပါ။ ဒါပြီးဒါပဲ ဒါပြီး ဒါပဲ ဆိုတာမျိုး အပ်ကြောင်းထပ်နေတဲ့ အရာမျိုးတွေ မဟုတ်ဘူးနော်။ မင်းကို ပျော်ရွှင်စေဖို့ မင်းရဲ့စိတ်ကို သာယာစေဖို့ ယောက်ျားတယောက် မရှိမဖြစ် မလိုပါဘူး။ မင်းရဲ့ ပြဿနာတွေအားလုံး ‌မရှိတော့ဘူးလို့ မင်းတွေးမိလိုက်တဲ့အချိန်မှာ (မင်း နိုးကြားလာပြီး မင်းသတိပြုမိဖို့ သေချာသလောက်ရှိတာက) မင်းနဲ့ လိုက်ဖက်တဲ့သူ တယောက်ကို မင်း ရှာတွေ့ပါလိမ့်မယ်။ 

#9_နောက်တယောက်နဲ့စခန်းသွားလိုက်ပါ

(BONE another dude)

⚜️ တကယ်ကြီးလားဆိုပေမယ့်လည်း တကယ်ကြီးပါ။ နောက်ဘဲတဗွေနဲ့ စခန်းသွားလိုက်ပါ။ မင်း ပထမတွေ့ခဲ့တဲ့သူက မင်းအတွက် လူဆိုးဖြစ်ချင်ဖြစ်နေမှာပေါ့။ ပြဿနာအချိန်တွေထဲက သင်ခန်းစာတွေ တပွေ့တပိုက်နဲ့ နိုးထလာတဲ့ မင်းအနေနဲ့ အခုတွေ့တဲ့တယောက်က မင်းအတွက် Mr. Right ဖြစ်ချင်ဖြစ်နေမှာပေါ့။ ဒါ့ကြောင့် ဒီအခြေအနေမှာ တခါလောက်ထပ်ပြီး ကြိုးစားကြည့်လိုက်ပါလား။

#10_သူ့အကြောင်းအမှတ်ရစေနိုင်တာတွေကိုဖျောက်ပစ်လိုက်ပါ

(GET rid of reminders of him)

⚜️ မင်းတို့နှစ်ယောက်အတူသွားခဲ့လာခဲ့တာတွေကို ရိုက်ထားခဲ့တဲ့ ဓါတ်ပုံတွေကို ဖုန်းလေး ထုတ်ထုတ်ပြီး ကြည့်နေတုန်းပဲလား? သူနဲ့ ချက်တင်ပြောခဲ့တဲ့ စကားတွေကို ပြန်ဖတ်မိနေတုန်းပဲလား? ပုံတွေအကုန်ဖျက်ပစ်လိုက်တော့။ ချက်ထားတဲ့ ပြောထားတဲ့ စာတွေအားလုံးလည်း ဖျက်ပစ်လိုက်တော့။ မင်းဖုန်းထဲကနေ အဲဒါတွေ ဖျက်လိုက်တာတောင်မှ မင်းအတွက် အဆင်မပြေနိုင်သေးဘူးဆိုရင် မင်းအိမ် နဲ့ မင်း အိမ် ပတ်ဝန်းကျင်မှာ ရှိသမျှ သူ့ကို အမှတ်ရစေနိုင်တဲ့ အရာအားလုံး ဖယ်ရှားပစ်လိုက်ပါ။

#11_သူနဲ့အတော်များများအတူသွားလာခဲ့ဖူးတဲ့နေရာတွေကိုရှောင်ပါ

(STAY away from places you frequented with him)

⚜️ မင်းတို့နှစ်ယောက် ချိန်းတွေ့နေကြနေရာ ဆုံနေကြနေရာ သွားလေ့ရှိတဲ့နေရာတွေ ရှိလား? ဘား ဒါမှမဟုတ် စားသောက်ဆိုင် တခုခု? အမြဲတမ်းကြီး ရှောင်ဖို့ မဆိုလိုပေမယ့် အနည်းဆုံး ဒီအချိန်မှာတော့ အဲဒီ နေရာတွေကို မသွားနဲ့ကွာ။ အဲဒီနေရာတွေ ရောက်သွားရင် သူ့အကြောင်း မင်း တွေးမိနေအုံးမယ်။ သူနဲ့ ပတ်သက်ပြီး မင်းစိတ်ထဲမှာ နေသားကျပြီ အဆင်ပြေနေပြီး ဘာမှ မခံစားရတော့ဘူးဆိုရင် မင်းသွားချင်သပါ့ဆို သွားသာသွား။ အဲဒီ အချိန်ကျရင် မင်းအတွေးထဲက အထူးတလည် တွေးမိတော့မှာ မဟုတ်ဘူးလေ။

#12_သူ့အကြောင်းတွေးမိတာကိုလည်း #အနှောက်အယှက်ဖြစ်တယ်‌ဒေါသဖြစ်တယ်အပြစ်ရှိတယ်လို့မခံစားမိစေနဲ့

(DON’T feel guilty/anger/annoyed for thinking about him)

⚜️ ဒီကိစ္စက နည်းနည်းကြီးတယ်။ သူ့အကြောင်းကို မေ့မရတာနဲ့ သူ့အကြောင်းကို တွေးမိနေတာနဲ့တင် မင်းကိုယ်မင်း မမုန်းတီးမိ စိတ်မတိုမိစေနဲ့။ “ငါ ဘာလို့များ သူ့ကို စွဲလမ်းနေရတာလဲ? ဆိုပြီး တွေးတွေးပြီး ဒေါသထွက်နေတာမျိုးတွေ မဖြစ်ပါစေနဲ့။ နှလုံးသားက သူတွေးချင်ရင် တွေးမိသွားတာပဲ။ တစုံတယောက်ကို ကြိုက်မိလို့ နှစ်သက်မိလို့ သဘောကျမိလို့ (နောက်ဆုံး ချစ်မိလို့) အပြစ်ရှိတယ်လို့ ခံစားမိစရာ အကြောင်း ဘာမှ မရှိဘူး။

⚜️ ဒီ အကြံပေးချက်လေးတွေကို အကောင်းဆုံး အသုံးချပြီး ကြိုးစားကြည့်ပါ။ ပြီးရင် ရှေ့ဆက်လျှောက်ကြတာပေါ့။

Comments များ ပေးလိုပါက နွေးထွေးစွာ ကြိုဆိုပါကြောင်းနှင့် အတွင်းကြေဒဏ်ရာများ အမြန်ဆုံး ပျောက်ကင်းနိုင်ပါစေကြောင်း။

(မူရင်း - PRIDE Website)

Adam Lovegood

https://www.pride.com/lovesex/2020/9/02/12-ways-get-him-out-your-head#media-gallery-media-1

------------------

No comments:

Post a Comment

⚜ အမြဲတမ်းပဲလိင်စိတ်ထူးခြားသူတယောက်လိုခံစားမိပါတယ် ဟု အော်စကာဆုရသရုပ်ဆောင်ပြောကြား ⚜

  လျှို့ဝှက်ဆန်းကြယ်ရုပ်ရှင်ဇာတ်ကားကောင်း ကြိုက်သူတိုင်း ‌ဒေါက်တာစထရိန့်ချ် ( Dr. Strange ) ဇာတ်ကားကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲဒီဇာတ်ကားထဲ...