Friday, January 15, 2021

⚜ အမြဲတမ်းပဲလိင်စိတ်ထူးခြားသူတယောက်လိုခံစားမိပါတယ် ဟု အော်စကာဆုရသရုပ်ဆောင်ပြောကြား ⚜

 လျှို့ဝှက်ဆန်းကြယ်ရုပ်ရှင်ဇာတ်ကားကောင်း ကြိုက်သူတိုင်း ‌ဒေါက်တာစထရိန့်ချ် (Dr. Strange) ဇာတ်ကားကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲဒီဇာတ်ကားထဲမှာ ‌ဒေါက်တာစထရိန့်ချ် ရဲ့ ထူးခြားဆန်းပြား မှော်စွမ်းအားကျင့်ကြံမှုဆိုင်ရာ နည်းပြဆရာအဖြစ် ကတုံးနဲ့ အမျိုးသမီးကြီးဖြစ်တဲ့ အေးရှန့်ဝမ်း (The Ancient One) ကို သိကြမှာဖြစ်ပါတယ်။ အဲဒီ အေးရှန့်ဝမ်းအဖြစ် ဗြိတိသျှ ရုပ်ရှင်မင်းသမီးကြီး Tilda Swinton က သရုပ်ဆောင်ခဲ့ပါတယ်။ အလားတူပဲ ကလေးလူကြီးကြိုက်နှစ်သက်ကြတဲ့ မှော်ဆန်းကြယ်ဇာတ်လမ်းတွဲ “နာနီယာ” Narnia ဇာတ်လမ်းတွဲထဲမှာလည်း “အဖြူရောင်စုန်းမ” အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူမရဲ့ အေးစက်စက် မျက်နှာထားကို မှတ်မိကြမယ် ထင်ပါတယ်။

၂၀၂၁ ရဲ့ လှပတဲ့ သက်တန့်ရောင်စဥ်တန်းတွေထဲမှာ နောက်တယောက်ကတော့ အော်စကာဆုရ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ သူမ Tilda Swinton ပဲ ဖြစ်ပါတယ်။ ဒီအကြောင်း lgbtqnation.com က ဖော်ပြထားတဲ့ ဆောင်းပါးကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။

အမြဲတမ်းပဲလိင်စိတ်ထူးခြားသူတယောက်လိုခံစားမိပါတယ် ဟု အော်စကာဆုရသရုပ်ဆောင်ပြောကြား

️ >>>>>>>>>> ️ <<<<<<<<<<

     

အကယ်ဒမီထူးချွန်ဆုရသရုပ်ဆောင်တယောက်ဖြစ်သော Tilda Swinton က British Vogue မဂ္ဂဇင်းနှင့် ပြုလုပ်သော အင်တာဗျူးတခုတွင် သူမသည် လိင်စိတ်ထူးခြားသူတဦးအဖြစ် အမြဲတမ်းလိုပင် ခံစားမိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ပြသခဲ့သော မှုခင်းရုပ်ရှင်ဇာတ်ကား Michael Clayton တွင် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့အကယ်ဒီဒမီဆုရရှိခဲ့သော Swinton က “ကျမအတွက် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော့ လိင်စိတ်ထူးခြားနေသူ (Queer) ဆိုတာမျိုးကို ကျမ ခံစားလို့ရတယ် အမြဲတမ်းလိုပဲ ကျမ ခံစားမိတယ် ကျမလည်းပဲ Queer ပဲလားဆိုပြီး ဆန်းစစ်ကြည့်မိတယ်။ တကယ်လည်း ဟုတ်နေတယ်။ ကျမရဲ့ ကိုယ်ပိုင်ကမ္ဘာကြီးထဲမှာ ကျမ ရှာတွေ့ခဲ့တယ်” ဟု သူမက အင်တာဗျူးတွင် ပြောပြခဲ့သည်။

သို့သော် သူမသည် ယခုမှသာ ထိုသို့ ပြောသည် မဟုတ်ခဲ့။ ၂၀၀၉ ခုနှစ် (လွန်ခဲ့သော ၁၁ နှစ်ကပင်) အင်တာဗျူးတခု၌ လိင်သတ်မှတ်ချက်ဆိုသည်ကို သူမ မည်သို့ သတ်မှတ် သဘောထားကြောင်း ဖြေကြားခဲ့ဖူးသည်။

“ကျမတို့ဟာ ဖြစ်တည်လာတဲ့ ပုံပန်းသဏ္ဍာန်အရတော့ အဲဒီသတ်မှတ်ချက်အတိုင်း လှုပ်ရှားသွားလာ နေထိုင်ရတာပဲလေ။ ဒါပေမယ့် ကျမအမြင်ကတော့ လူတယောက်ရဲ့ ကိုယ်ပိုင်လက္ခဏာဆိုတာ အဲဒီ (မွေးရာပါ) ဖြစ်တည်မှုအတိုင်းပဲ အမှန်တကယ် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်” (မိန်းကလေး တယောက်အဖြစ် မွေးဖွားလာပေမယ့် တကိုယ်ရည် လက္ခဏာကတော့ မိန်းကလေးလို ဖြစ်နေချင်မှ ဖြစ်နေလိမ့်မယ် ဟု ဆိုလိုသည်)

“ ၁၉၉၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒရာမရုပ်ရှင်ဇာတ်ကား အော်လန်ဒို (Orlando) နဲ့ တခြားတခြားသော ရုပ်ရှင်ဇာတ်ကားတွေမှာ ကျမ ပါဝင်သရုပ်ဆောင်နေတုန်း အချိန်ကတည်းကပဲ (မွေးရာပါ ဖြစ်တည်မှုအတိုင်း ရပ်တည်နေထိုင်နေကြရတယ်ဆိုတဲ့) အဲဒီ အတွေးအမြင်ကို ကျမ သေချာ လေ့လာဆန်းစစ်ခဲ့တယ်။ ကျမတို့ ဆန္ဒရှိတဲ့ ကိုယ်ပိုင်သွင်ပြင်လက္ခဏာမျိုးစုံကို ထိန်းသိမ်းထားလို့ ရနိုင်မလားဆိုတာမျိုးပေါ့။ နောက်ဆုံး ဆိုလိုရင်းကတော့ မွေးရာပါ ဖြစ်တည်မှု လိင်သတ်မှတ်ချက်ဆိုတာမျိုးကြောင့် လှုပ်ရှားနေရတာမျိုးထက် ကိုယ့်ရဲ့ အတွင်းစိတ်က ဆန္ဒရှိသလို လှုပ်ရှားနေတာမျိုးက ပုဂ္ဂိုလ်ရေးဆန်တဲ့ ကိစ္စမျိုးပါပဲ။ (သတ်မှတ်ချက်တွေနဲ့ မဟုတ်ပဲ ကိုယ်ဆန္ဒရှိသလို ပြုမူနေထိုင်တာဟာ တကယ်တော့ မိမိကိုယ်ပိုင် ပုဂ္ဂိုလ်ရေးကိစ္စပါပဲ)”

“အော်လန်ဒို ဇာတ်ကားထဲက အော်လန်ဒိုလုပ်သလိုပဲ ကျမ ပြတ်ပြတ်သားသားပြောနိုင်တယ်။ ဟုတ်တယ် ကျမ က အမျိုးသမီးတယောက် ဖြစ်ချင်လည်း ဖြစ်မယ်”

(မှတ်စု - အော်လန်ဒိုဇာတ်လမ်းထဲတွင် အော်လန်ဒိုသည် မူလက သူကောင်းမျိုးရိုး အမျိုးသားတဦးဖြစ်သော်လည်း ရာစုနှစ် နှစ်စုကျော် အသက်ရှင်ပြီးနောက် အခက်အခဲများကြုံတွေ့ပြီးချိန်တွင် အမျိုးသမီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဘဝအဆုံးတိုင် အမျိုးသမီးဘဝအဖြစ် ဇာတ်လမ်းကို အဆုံးသတ်ထားသည်။ အင်တာနက်စွယ်စုံကျမ်း-ဝီကီပီဒီးယား)

Swinton သည် လက်ရှိအချိန်တွင် သူမ၏ ပါတနာဖြစ်သူ ဂျာမန်လူမျိုး ပန်းချီဆရာ Sandro Kopp နှင့်အတူ စကော့တလန်တွင် နေထိုင်လျက်ရှိသည်။

အင်တာနက်စွယ်စုံကျမ်း-ဝီကီပီးဒီးယားတွင် ဖော်ပြထားချက်များအရ

1960 ခုနှစ်တွင် မွေးဖွားခဲ့သော ကက်သရင်း မက်တီလ်ဒါ စွင်တန် သည် အသက် (၆၀) ရှိပြီဖြစ်သော ဗြိတိသျှရုပ်ရှင်သရုပ်ဆောင်မင်းသမီးကြီးဖြစ်ပြီး 1986 ခုနှစ်မှ ယနေ့အချိန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ခဲ့ သရုပ်ဆောင်ဆဲဖြစ်ပြီး ထူးချွန်ဆုများရရှိထားသော ဝါရင့် သရုပ်ဆောင်မင်းသမီးကြီးတယောက်ဖြစ်သည်။

လန်ဒန်တွင် မွေးဖွားခဲ့သော စကော့လူမျိုး စွင်တန် သည် ပထမအိမ်ထောင်နှင့် အမွှာကလေးနှစ်ယောက်ရှိခဲ့ပြီး ယခုအခါ ဒုတိယအိမ်ထောင်နှင့်အတူ နေထိုင်လျက်ရှိသည်။

2009 ခုနှစ် အင်တာဗျူးတခုတွင် “ ကျမက အမျိုးသမီးတယောက်ဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမယ့် မိန်းကလေးတယောက်အဖြစ် ကြီးပြင်းခဲ့တာ သေချာရဲ့လား ကျမ မပြောတတ်ဘူး။ ငယ်ငယ်က ယောက်ျားလေးတယောက်လိုပဲ တလျှောက်လုံး နေခဲ့ဖြစ်တယ်။ ကျမလည်း မသိဘူး နောက်တော့ အဲဒါ ပြောင်းလဲသွားတယ်။ လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှု အနေအထား ပြောင်းလဲခံစားမိတာမျိုး ဆိုတာကလည်း အတွင်းစိတ်ထဲက ကိုယ်ပိုင်သွင်ပြင်လက္ခဏာရယ်၊ မွေးရာပါ လိင်ဖြစ်တည်မှုရယ်၊ အဲဒီ လိင်သတ်မှတ်ချက် ဆိုတာတွေရဲ့ကြားမှာ ကြိုးတန်းလျှောက်နေရသလိုပါပဲ။ (မသဲကွဲလှဘူးရယ်)” လို့ စွင်တန်က ပြောကြားခဲ့ပါသည်။

(မှတ်ချက် - Queer ဆိုသည်မှာ မွေးရာပါ လိင်ဖြစ်တည်မှုနှင့် လိုက်ဖက်သော စိတ်ဝင်စားမှု အပြုအမူ အတွေးအခေါ် ထပ်တူညီသော Heterosexual သို့မဟုတ် အကြမ်းဖျင်းအခေါ် Straight မဟုတ်သော၊ လိင်စိတ်ထူးခြားမှု ရှိသူများအားလုံးကို ခြုံငုံ သုံးစွဲသော စကားဖြစ်ပြီး လိင်တူအတွက်သက်သက်သော်လည်းကောင်း၊ လိင်ပြောင်းအတွက်သော်လည်းကောင်း၊ လိင်မဲ့ခံစားချက် ခံယူချက် ရှိသူများအတွက်သော်လည်းကောင်း သီးခြားသက်ဆိုင်သော စကားရပ်မဟုတ်ဘဲ အားလုံးကို ခြုံငုံသော စကားရပ်ဖြစ်ဖြစ်ပြီး LGBT, LGBTQ, LGBTIQ စသည်တို့ထက် ပိုမိုတွင်ကျယ်စွာ သုံးနိုင်သော စကားရပ်တခု ဖြစ်ပါသည်)

>>>>>>>>>> ️ <<<<<<<<<<

(ကိုးကား - LGBTQNation စာမျက်နှာမှ ဆောင်းပါးရှင် Alex Bollinger ၏ ဆောင်းပါးကို မျှဝေပါသည်)

“ဝင်ရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်



Adam Lovegood

Thursday, January 14, 2021

 

⚜ မူးယစ်ဆေးအန္တရာယ်သိမှတ်ဖွယ် 

မက်သ်ခရစ္စတယ်သည်လိင်တူအမျိုးသားများအိတ်ချ်အိုင်ဗွီကူးစက်စေသည့် အန္တရာယ်အကြီးမားဆုံးသောအချက်များတွင်တခုအပါအဝင်ဖြစ်

(24 SEP 2020, Gay Star News ဝက်ဘ်ဆိုဒ်မှ ဆောင်းပါးရှင် David HudsonCrystal meth is one of the biggest risk factors in gay men acquiring HIV  ဆောင်းပါးကို ဘာသာပြန်ဖော်ပြပါသည်)

အမေရိကန်ပြည်ထောင်စု၌ တနှစ်အတွင်း အမျိုးသား ၅ ထောင် နီးပါးသည် အန္တရာယ်အရှိဆုံးသောအပြုအမူများတွင် တခုဖြစ်သော မက်သ်အသုံးပြုခြင်းမျိုး ရှိကြောင်း လေ့လာမှုအသစ်တခုက တွေ့ရှိခဲ့သည်။

သုတေသီများက “အုပ်စုလိုက်ပါတီပွဲများဆင်နွှဲပျော်ပါးခြင်း” ၏ အရင်းအမြစ်ကို တပ်လှန့်နှိုးဆော်လိုက်သည်။

အမေရိကန်ပြည်ထောင်စု၏ လေ့လာမှုအသစ်တခုက HIV ကူးစက်ခံရနိုင်သည့် မက်သ် ပုံမှန်အသုံးပြုခြင်းမျိုး ကဲ့သို့သော  လိင်တူအမျိုးသားများရင်ဆိုင်နေရသည့် အန္တရာယ်အကြီးမားဆုံးအချက်များကို ရှာဖွေလေ့လာခဲ့သည်။ အဆိုပါ မူးယစ်ဆေးက အခြားအကျိုးသက်ရောက်မှုများထက်  လိင်ပိုင်းဆိုင်ရာအခြေအနေများတွင် ပိုမို အန္တရာယ်ရှိစေသည်။

အဆိုပါ လေ့လာမှုအကြောင်းကို ယခုလ (2020 စက်တင်ဘာ) ထုတ် ခုခံအားကျဆင်းမှုကူးစက်ရောဂါဂျာနယ် (JAIDS) တွင် ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုသည် ၁၂ လ (တနှစ်) ကျော် ကာလအတွင်း အမေရိကန်ပြည်ထောင်စုမှ လိင်တူ နှင့် လိင်တူလိင်ကွဲနှစ်သက်သူ အမျိုးသားပေါင်း 4786 ယောက်ကျော်ကို အခြေခံမေးမြန်းထားခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသားများကို ချိန်းတွေ့သည့် အပလီကေးရှင်းများမှတဆင့် စုစည်းပါဝင်စေခဲ့ပြီး အသက် ၁၆ နှစ်မှ ၄၉ နှစ်ကြားအရွယ် အမျိုးသားများ နှင့် HIV ကာကွယ်ဆေးဖြစ်သော PrEP မသောက်ထားသောသူများဖြစ်ကြသည်။ လေ့လာမှု၏ အစတွင် ၎င်းတို့အားလုံးကို HIV ရှိမရှိ စစ်ဆေးထားပြီး ၎င်းနောက် လစဥ် ပုံမှန်စစ်ဆေးခဲ့သည်။

အဆိုပါ လေ့လာမှုက တွေ့ရှိခဲ့ရာတွင်

-        လေ့လာမှု ၁၂ လတာ ကာလအတွင်းတွင် လေ့လာမှုပြုလုပ်နေသူများမှ 2.5 % (115 ယောက်) မှာ HIV ကူးစက်ခံခဲ့ရသည်။

-        လေ့လာမှုပြုလုပ်သူများ၏ 14 % မှာ မက်သ် မူးယစ်ဆေး အသုံးပြုခဲ့ကြကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ အမျိုးသားအားလုံး၏ လေးပုံသုံးပုံမှာ မူးယစ်ဆေးဝါး အမြဲသုံးစွဲလေ့ရှိကြောင်း တွေ့ရှိခဲ့ရသည်။

-        မက်သ်မူးယစ်ဆေး ပုံမှန်အသုံးပြုသူများမှာ အဆိုပါ လေ့လာမှု ကာလအတွင်း သုံးပုံတပုံ (115 ယောက်တွင် 41 ယောက်) မှာ HIV ကူးစက်ခံခဲ့ရသည်။ တနည်းဆိုရသော် မက်သ်မူးယစ်ဆေး ပုံမှန် အသုံးပြုသူများသည် လုံးဝမသုံးသူများထက် HIV ကူးစက်နိုင်ခြေ ၄ ဆ ပိုမို များပြားလျက်ရှိကြောင်း တွေ့ရသည်။

မက်သ်ာဖက်တမင်းသုံးစွဲမှုက တဆက်တည်းမှာပင် အရှက်အကြောက်များ လျော့နည်းသွားပြီး လိင်ပိုင်းဆိုင်ရာ စိတ်ကြွခြင်းများ ပိုမို တိုးမြင့်လာခြင်းမှ တဆင့် HIV ကူးစက်နိုင်မှု အန္တရာယ်ကို ပိုမိုဆိုးဝါးစေကြောင်း လေ့လာသူများက ဆိုသည်။

“ကျနော်တို့ရဲ့ တွေ့ရှိချက်တွေက လိင်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှု လူနည်းစုများအကြားတွင် HIV ကူးစက်ရောဂါ ပြန့်ပွားမှုကို အဆုံးသတ်ရန် ကူညီဖြေရှင်းပေးနိုင်ကောင်း ပေးနိုင်မည့် အရာများအဖြစ် မက်သ်သာအမ်ဖက်တမင်း သုံးစွဲမှုနှင့် ၎င်း၏ ဆက်စပ်အန္တရာယ်များကို အလင်းပြပေးဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဖော်ပြခဲ့ပါသည်။

မက်သ်သာအမ်ဖက်တမင်း ကို တီနာ (Tina), ခရစ္စတယ် (Crystal), မက်သ် (Meth), အိုက်စ် (Ice), ဂလတ်စ် (glass), ခရစ္စတင်း (Christine), ယာဘ (Yabba) ဟု သုံးနှုန်းခေါ်ဝေါ်ကြသည်။

အမ်ဖက်တမင်းအုပ်စုဝင် မက်သ်သာအမ်ဖက်တမင်းသည် သုံးစွဲသူများကို နိုးကြားတက်ကြွနေစေခြင်း၊ မြူးထူးရွှင်လန်းနေစေခြင်းများ ဖြစ်စေပြီး လိင်ဆက်ဆံရာတွင် လိင်စိတ်များကို တက်ကြွနှိုးဆွပေးလေ့ရှိသည်။ မအိပ်မစားဘဲ အချိန်အတော်ကြာနေနိုင်စေသည်။

သုံးစွဲမှုမှာ ပုံမှန်အားဖြင့် ရှုရှိုက်ခြင်းပုံစံမျိုးဖြစ်ပြီး ၄ နာရီ မှာ ၂၄ နာရီ (တရက်) ကြာသည်အထိ အာနိသင် ရှိနေစေသည်။

အန္တရာယ်ဖြစ်နိုင်မှု အနေဖြင့် စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ သံသယစိတ်များ ဖြစ်ပေါ်လာခြင်း၊ စိတ်ရှုပ်ထွေးခြင်းများမှသည် ပြင်းထန်သော စိတ်ဝေဒနာအထိဖြစ်နိုင်သည်။ နှလုံးခုန်နှုန်း မြန်စေခြင်း၊ သွေးဖိအားများလာခြင်း (သွေးတက်လာခြင်း) တို့နှင့်အတူ နှလုံးရောဂါဖြစ်ပွားမှုကို ပိုမို မြင့်မားစေနိုင်သည်။ လိင်စိတ်များ ထကြွနေပြီး တချိန်လုံး လိင်တံ ထောင်မတ်နေခြင်းစသော အန္တရာယ်များဖြစ်ပေါ်နိုင်သည်။

PrEP သောက်သုံးနေသူများအဖို့ မက်သ် သုံးစွဲထားပါက ပုံမှန်ဆေးသောက်ရမည့်အချိန်များကို မေ့သွားခြင်းများစသော အကျိုးသက်ရောက်မှုများ ရှိစေနိုင်သည်။ မက်သ်သာဖက်တမင်း သုံးစွဲထားသူများအနေဖြင့် လိင်ဆက်ဆံရာတွင် အကာအကွယ် ကွန်ဒုံးအသုံးပြုရန် မေ့သွားခြင်းများရှိကာ HIV ကူးစက်နိုင်မှု အန္တရာယ်ကို များစွာ မြင့်မားစေလျက်ရှိသည်။

အခြားမူးယစ်ဆေးများ သို့မဟုတ် အရက်ယမကာ တို့နှင့် ရောစပ်ထားခြင်းမျိုး မဟုတ်လျှင် မက်သ် သက်သက်အနေဖြင့် ပမာဏများလျှင်လည်း ကလပ်များတွင် အသုံးပြုလေ့ရှိသော အာရုံကြော မူးယစ်ထိုင်းမှိုင်းစေတတ်သော GHB လောက် အန္တရာယ်မရှိပေ။ သို့ရာတွင် မက်သ် (အိုက်စ် / ဟိုက်ဖန်) သည် လွန်စွာ စွဲလမ်းစေသော မူးယစ်ဆေးတမျိုးဖြစ်ပြီး သုံးစွဲသူများမှာ အလွယ်တကူ စွဲသွားနိုင်ပေသည်။

မက်သ် (အိုက်စ်/ ဟိုက်ဖန်) သုံးစွဲသူများအနေဖြင့် ဖြစ်လာနိုင်သော အန္တရာယ်ကို လျော့နည်းစေရန် အထူးမူးယစ်ထုံထိုင်းဆေး GHB သို့မဟုတ် အရက်ယမကာစသည်တို့နှင့် ရောနှော သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း၊ အကြောထဲ ထိုးသွင်းမှုကို ရှောင်ကြဉ်ခြင်း တို့ ပြုလုပ်နိုင်သော်လည်း အလွယ်တကူ စွဲလမ်းစေနိုင်သော မူးယစ်ဆေးဝါးဖြစ်သဖြင့် #လုံးဝအစလုပ်မသုံးစွဲကြရန် ကျွမ်းကျင်သူများက တိုက်တွန်း အကြံပေးထားပါသည်။

By David Hudson

မြန်မာနိုင်ငံအနေဖြင့် ၁၉၆၁ ခုနှစ် မူးယစ်ဆေးဝါးဆိုင်ရာစာချုပ် ကို ကမ္ဘာ့ကုလသမဂ္ဂတွင် လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၄ ခုနှစ် ဗီယက်နမ်နိုင်ငံ၌ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၄ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဥပဒေ၁၉၈၈ ခုနှစ် မတ်လ ၂၂ ရက်တွင် ၁၉၇၄ ခုနှစ် မူးယစ်ထုံတိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေကို ပြင်ဆင်သည့် ဥပဒေ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၃ ဖြင့် အစားထိုးပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ၂၀၁၈ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၆ ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းခဲ့သည်။ (Ref: Myanmar Digital News)

၁၉၉၃ခုနှစ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ (၁၅) တွင် မူးယစ်ဆေးသုံးစွဲသူများကို ထောင်ဒဏ် (၃) နှစ်မှ အများဆုံး (၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း #၂၀၁၈ခုနှစ်ပြင်ဆင်ချက်ဥပဒေ တွင် အဆိုပါ ပြဌာန်းချက် ပုဒ်မ (၁၅) ကို ပယ်ဖျက်ပေးခဲ့သည်။

မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် သိုလှောင် ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ (၁၆) (၁၇) (၁၈) (၁၉) (၂၀) (၂၁) (၂၂) (၂၃) (၂၄) (၂၅) တို့တွင် ပြစ်မှုပြစ်ဒဏ်များပြဌာန်းထားပြီး  ပြစ်မှုအခြေအနေပေါ်မူတည်၍ အနည်းဆုံးထောင်ဒဏ် (၅) နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိထောင်ဒဏ် ဖြစ်စေ သို့မဟုတ် သေဒဏ် အထိ ဖြစ်စေ ချမှတ် စီရင် ခံရနိုင်ကြောင်း ပြဌာန်းထားသည်။

ဗဟုသုတအဖြစ် ပိုမို သိရှိလိုပါက အောက်ပါလင့်များမှတဆင့် သွားရောက်လေ့လာနိုင်ပါသည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ

https://www.mlis.gov.mm/mLsView.do;jsessionid=E993416502F5B3690DB1B77C4A00490D?lawordSn=9962

၂၀၁၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေ

https://www.mlis.gov.mm/mLsView.do;jsessionid=7221EA2E6B08CD191C3FE77CB27BE511?lawordSn=9781

လူငယ်များ အထူးသဖြင့် လိင်တူနှစ်သက်သူများ၊ လိင်တူလိင်ကွဲနှစ်သက်သူများအနေဖြင့် အကြမ်းဖျင်းမျှ သိရှိထားနိုင်ရန် လိုအပ်ပါကြောင်း မျှဝေအပ်ပါသည်။

 "HF ဟိုက်ဖန် လုပ်ခြင်းများ၊ ဟိုက်ဖန်လုပ်၍ အုပ်စုလိုက် GS (Group Sex) လုပ်ခြင်းများကို ရှောင်ရှားကြပါရန် တိုက်တွန်းလိုက်ပါသည်။" အချို့သော စာသားအကြောင်းအရာများမှာ အကြောင်းအရာတခုကို သိရှိအောင် ဖော်ပြလိုရင်းသာ ဖြစ်ပြီး စမ်းသပ် သုံးစွဲ‌စေရန် ရည်ရွယ်ခြင်းမရှိကြောင်း သိစေအပ်ပါသည်။

Adam Lovegood

https://www.gaystarnews.com/article/crystal-meth-is-one-of-the-biggest-risk-factors-in-gay-men-acquiring-hiv/

⚜ မင်းခေါင်းထဲကသူ့ကိုထုတ်ပစ်လိုက်ဖို့နည်းလမ်း_၁၂_သွယ် ⚜

 (သတိ #ချစ်သူရှိသူများမဖတ်ရ)

ရည်းစားနဲ့ပြတ်ပြီးလွမ်းနေဆွေးနေတဲ့သူတွေအတွက် PRIDE မဂ္ဂဇင်းက ဆောင်းပါးရှင် Zachary_Zane ရေးသားထားတဲ့ “12 Ways to Get Him Out of Your Head(မင်းခေါင်းထဲက သူ့ကို ထုတ်ပစ်လိုက်ဖို့ နည်းလမ်း ၁၂ သွယ်) ဆောင်းပါးကို ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

မင်းခေါင်းထဲကသူ့ကိုထုတ်ပစ်လိုက်ဖို့နည်းလမ်း_၁၂_သွယ်

#12_Ways_to_Get_Out_of_Your_Head

မင်းရဲ့ရည်းစားဟောင်းအကြောင်းတွေးပြီးအတိတ်မှာပဲအသက်ရှင်နေတာဟာ  မင်းအတွက်ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ သာမန်သူငယ်ချင်းတယောက်ထက် ပိုဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလို့ မင်း သိနေလောက်ပြီဖြစ်တဲ့သူက မင်းရဲ့ ရည်းစားဟောင်းပဲဖြစ်ချင်လည်းဖြစ်မယ်၊ ကိုယ်ကျိတ်ကြွေနေတဲ့သူဖြစ်ချင်လည်း ဖြစ်မယ် ဒါမှမဟုတ် အရမ်းရင်းနှီးလွန်းတဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းဖြစ်ချင်လည်း ဖြစ်မယ်။ သူဟာ ဘယ်သူပဲဖြစ်ဖြစ် သူ့အကြောင်း တွေးတော စဥ်းစားနေတာကို မင်းမရပ်နေနိုင်ဘူး။ သူများ စာလေး ပြန်ပို့ထားမလားဆိုပြီး ဖုန်းကို ခဏခဏ ယူကြည့်ရတာလည်း အမော။ သူ့နဲ့များ မင်္ဂလာဆောင်ဖြစ်ခဲ့မယ်ဆိုရင်ဆိုတဲ့ စိတ်ကူးမျိုး၊ မင်းတို့အတူတူ ကလေးလေးတွေ မွေးစားကြမယ် ဘာလုပ်ကြမယ် ညာလုပ်ကြမယ် ဆိုတဲ့ စိတ်ကူးအိမ်မက်လေးတွေကို စိတ်ကူးပုံဖော်နေတာမျိုး လုပ်ဖြစ်နေမယ်ဆိုရင် ... ။

အဲဒါတွေကို မင်း ရပ်ပစ်လိုက်ပါတော့ကွာ။ အဲလို လုပ်နေတာတွေက မင်းရဲ့ ကျန်းမာရေးအတွက် လုံးဝမကောင်းဘူး။ နည်းနည်းလေးမှ မကောင်းဘူး။ ဒါပေမယ့် သူ့အပေါ်စွဲလမ်းနေတာကို ဘယ်လို ရပ်တန့်ပစ်ရမလဲဆိုတာကိုလည်း မင်းမသိဘူးဆိုရင် ... ။

ကောင်းပြီ . . . သူ့ကို မင်းဆီကနေ မင်းရဲ့ အမွှေးအမျှင်တချောင်းတလေမှာတောင် ကပ်မနေတော့အောင် ပစ်ထုတ်လိုက်ဖို့ နည်းလမ်း (၁၂) ခု ကို ဒီမှာ ပေးထားပါတယ်။ တချက်လောက် ကြိုးစားကြည့်လိုက်စမ်းပါ။

#1_သူ့ကိုစာပို့နေတာတွေကိုရပ်လိုက်ပါ

(STOP texting him)

⚜️ အသိသာဆုံး လက်တွေ့အကျဆုံး ဖြေရှင်းနည်းတခုနဲ့ စလိုက်ကြရအောင်။ သူ့ကို မင်း စာပို့နေတာတွေအကုန် ရပ်လိုက်ပါ။ မင်းသူ့ကို စာပို့မိနေအုံးမယ်ဆိုရင် သူ့ဆီက စာလေးများ ပြန်လာမလားဆိုတာကို စွဲလမ်းပြီး စောင့်နေမိလိမ့်မယ်။ အဲဒီလို စားမြုံ့ပြန်နေတာက မင်းကို တဖြည်းဖြည်း မသိမသာ ရူးသွပ်သွားစေနိုင်တယ်။ မင်းကပဲ သူ့ကို ပိုပြီး တွယ်တာသလိုမျိုး မင်းရဲ့စိတ်ကို ထင်မြင်လာစေလိမ့်မယ်။ (ဘာကြောင့်လဲဆိုတော့ အဲလိုဆိုရင် မင်းမှာ သူ့အကြောင်းတွေးဖို့ ကြောင်းကျိုးဆီလျော်တယ် တရားနည်းလမ်းကျတယ် လို့ ထင်မြင်မိမှာမို့ပဲ။ “ဘယ်အချိန်များ သူငါ့ကို စာပြန်ပို့မှာပါလိမ့်” ဆိုတာမျိုးပေါ့)

#2_သူ့အကြောင်းတွေးတောနေဖို့ပုံဖော်နေဖို့မကြိုးစားပါနဲ့တော့

(DON’T try to figure him out)

⚜️ သူများ ဘာတွေ တွေးနေမလဲ? သူ ငါ့ကို တကယ်ချစ်ခဲ့တာပါ ဆိုတဲ့ အတွေးမျိုး၊ ဘာကြောင့် ငါ့ကို ဒီလို ပြောရတာလဲဆိုတဲ့ အတွေးမျိုး၊ ဒါမှမဟုတ်လည်း ဘာကြောင့် ငါ့ကို မပြောခဲ့တာလဲဆိုတဲ့အတွေးမျိုး၊ ငါ့အကြောင်းများ တွေးနေမလား ဆိုတာမျိုးတွေ တွေးပြီး သူ့အကြောင်းကို ပုံဖော်ဖို့ ကြိုးစားမနေပါနဲ့တော့။ လူတွေဟာ သူတို့ရဲ့ခံစားချက်ကို မထိခိုက်အောင် ကြိုးစားတဲ့နေရာမှာ တခါတရံ လိမ်လည်တတ်ပါတယ်။ တဖက်က တွေးချင်မှ တွေးနေမှာကို သိနေပေမယ့် အဲလို တွေးလိုက်လို့ ရင်နာရမှာကို ကြောက်ပြီး ကိုယ့်ဘာသာကိုယ် ရဲဆေးတင်ပြီး ဟုတ်လိမ့်နိုးနိုးတွေ စိတ်သက်သာရာရအောင် လျှောက်တွေးနေတတ်ပါတယ်။ သူက တွေးချင်လည်း တွေးမယ် မတွေးချင်လည်း မတွေးဘူး။ အဲဒါကို အစွဲလမ်းမလွန်ပါစေနဲ့။

#3_မင်းရဲ့အတွေးတွေဟာအဖြစ်မှန်တွေမဟုတ်ဘူးဆိုတာသတိယပါ

(REMEMBER, your thoughts aren’t facts)

⚜️ မင်းသိတယ်လို့ မင်းထင်နေတဲ့အရာကို သတိယနေတာဟာ အမှန်တရားတော့ မဟုတ်ပါဘူး။ ငါတို့ဟာ တကယ့်တကယ် ဖြစ်နေတာတွေထက် ငါတို့ ကြားချင်တာကိုပဲ ရွေးပြီး ကြားတတ်ကြတဲ့သဘောမျိုးရှိကြတယ်။ အခြေအနေတွေ ဘာဖြစ်နေတာလဲဆိုတာနဲ့ ပတ်သက်ပြီး ရွေးချယ်တတ်တဲ့ မှတ်ဉာဏ် ငါတို့အားလုံးမှာ ရှိတယ်။ တခါတလေ တကယ်ဖြစ်နေတာကို မြင်နေပါလျက်နဲ့ ငါတို့ အကုန် မမြင်တတ်ကြဘူး ငါတို့ စိတ်ဝင်စားတဲ့ ငါတို့ အာရုံ စူးစိုက်တဲ့ နေရာလောက်ကိုသာ မြင်တတ်ကြတယ်။ ဒါကလည်း သဘာဝပါပဲ။ ဒါ့ကြောင့် ဒါကို လက်ခံထားပါ။ အခြေအနေက ဘယ်လိုဖြစ်မယ်ဆိုတာ၊ ဘာဆက်ဖြစ်မယ်ဆိုတာနဲ့ပတ်သက်ပြီး မင်းအနေနဲ့ တိတိကျကျ မသိနိုင်ပါဘူး။

#4_အခြေအနေကနေပြန်လည်ရှင်သန်ဖို့နည်းလမ်းတွေကိုစဥ်းစားပါ

(THINK about ways to grow from the situation)

⚜️ အချစ်ဇာတ်လမ်းမှန်သမျှ၊ အိပ်ယာပေါ်ကပတ်သက်မှုအတွေ့အကြုံမှန်သမျှဟာ သင်ခန်းစာယူဖို့ အခွင့်အလမ်းတွေပါဘဲ။ သူ့ဆီက မင်းဘာရခဲ့လဲ ဘာတွေ သိခဲ့လဲ ဆိုတာနဲ့ပတ်သက်ပြီး သင်ခန်းစာယူနိုင်ဖို့ ကြိုးစားပါ။ အဲလိုဆိုရင် မင်းအနေနဲ့ သူနဲ့ ခင်မင်ခဲ့ရ၊ ရင်းနှီးခဲ့ရ၊ ကျိတ်ကြွေခဲ့ရ (အတူအိပ်ခဲ့ရတာကအစ) ပတ်သက်ခဲ့ရတာက ဆုံးရှုံးမှုတခုလို့ ခံစားမိတော့မှာ မဟုတ်ဘူး။ သူ့ဆီကနေ မင်းသဘောကျတဲ့ အကြောင်းအရာတွေက ဘာတွေ ဖြစ်ခဲ့လဲ? သူနဲ့ ပတ်သက်ခဲ့မှုမှာ မင်း ဘာတွေ မှားယွင်းခဲ့တာမျိုးရှိလဲ? (အကယ်၍ တခုခု မှားယွင်းခဲ့တယ်လို့ မင်းထင်ရင်ပေါ့)

#5_အတိတ်ကိုချန်ပြီးအနာဂတ်အတွက်ကြံပါ

(THINK to the future, not the past)

⚜️ မင်းဘာတွေ လုပ်ခဲ့လဲ ဘာတွေ မလုပ်ခဲ့ဘူးလဲ ဆိုတာတွေကို မင်းကြိုးစား တွေးတောပြီး သင်ခန်းစာယူလိုက်ပြီးရင် အဲဒီ အတိတ်အပေါ်မှာ စွဲလမ်းမနေပါနဲ့တော့။ မင်း သင်ခန်းစာယူရမယ် ပြီးတော့ ‌ရှေ့ကို ဆက်လက် ချီတက်ရမယ်လေ။ အနာဂတ်အတွက် စဥ်းစားပါ။ လိုအပ်သည်ထက်ပိုပြီး အတိတ်ကာလတွေမှာပဲ ရှင်သန်မနေပါနဲ့။ လိုအပ်သည်ထက်ဆိုတာ မေ့လိုက်လို့ မဖြစ်တဲ့ တချို့အရာတွေကလွဲရင်ပေါ့။

#6_နောက်ဘဲတဗွေနဲ့စခန်းသွားပါ

(BONE another dude)

⚜️ မင်းကိုယ်မင်း တခြားသူတွေထက် သာတယ် ပိုကောင်းတယ် ဆိုတာ မင်းသိပါတယ်။ တစုံတယောက်ကို မေ့လိုက်နိုင်ဖို့ တခြားလူတယောက်ယောက်နဲ့ အတူအိပ်လိုက်တာမျိုးက တချို့လူတွေအတွက်ကတော့ အဲဒါ တကယ် အလုပ်ဖြစ်တယ်။ တချို့တချို့တွေကျတော့လည်း အဲလို အိပ်လိုက်ကာမှ ရည်းစားဟောင်းကို ပိုပြီး သတိယသွားတာမျိုးလည်း ဖြစ်တတ်သေးတယ်။ ဒါပေမယ့် မကြိုးစားကြည့်သေးဘဲနဲ့တော့ ဒီနည်းလမ်းဟာ မကောင်းဘူးဆိုပြီး မဝေဖန်ပါနဲ့အုံးလို့ ပြောချင်ပါတယ်။ အဆင်ပြေချင်လည်း ပြေသွားနိုင်မှာမို့လို့ပါ။

#7_သူငယ်ချင်းနဲ့သူတို့ရဲ့ပြဿတွေအကြောင်းပြောပါ

(TALK to friends about their problems)

⚜️ မင်းရဲ့ သူငယ်ချင်းတွေကို စိတ်ထွက်ပေါက်ပေးလိုက်တာကလည်း ကောင်းပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ပြောကြဆိုကြတဲ့အခါ ကိုယ့်ရဲ့အကြောင်း ကိုယ့်ဆီကို မြှားဦးလှည့်လာမယ့် ကိစ္စမျိုးကို ရှောင်ပါ။ သူတို့ရဲ့ ပြဿနာတွေ အဆင်မပြေမှုတွေအကြောင်းကိုသာ သူငယ်ချင်းတွေနဲ့ ပြောကြပါ။ သူတို့အတွက် သူငယ်ချင်းကောင်းအဖြစ် နေကြည့်ပါ။ သူတို့ရဲ့ အဆင်မပြေမှုတွေ ပြဿနာတွေ နားထောင်ရင်း ပြောကြဆိုကြရင်းနဲ့ ကိုယ့်ရဲ့ အကြောင်းနဲ့ သူ့ကို စဥ်းစားချင်နေတဲ့ စိတ်တွေ လျော့ပါး ပျောက်သွားပါလိမ့်မယ်။

#8_သူငယ်ချင်းတွေနဲ့ညအလည်ထွက်ပါ

(HAVE a friend’s night)

⚜️ မင်းရဲ့ မိန်းကလေးသူငယ်ချင်းတသိုက်နဲ့ အပြင်ထွက်လည်ပါ။ ရုပ်ရှင်သွားကြည့်ပါ။ အကပွဲတွေ သွားကြည့်ပါ။ မြို့အနှံ့ လျှောက်ပြီး လည်ကြပတ်ကြပါ။ စိတ်ပါရင် ဝင်ကလိုက်အုံး။ ရည်းစားဟောင်းကောင်လေးထက် ဘဝဆိုတာ အဲဒါထက် အများကြီးပိုပြီး အဓိပ္ပါယ်ရှိပါသေးတယ်ဆိုတာကို သတိယပါ။ ဒါပြီးဒါပဲ ဒါပြီး ဒါပဲ ဆိုတာမျိုး အပ်ကြောင်းထပ်နေတဲ့ အရာမျိုးတွေ မဟုတ်ဘူးနော်။ မင်းကို ပျော်ရွှင်စေဖို့ မင်းရဲ့စိတ်ကို သာယာစေဖို့ ယောက်ျားတယောက် မရှိမဖြစ် မလိုပါဘူး။ မင်းရဲ့ ပြဿနာတွေအားလုံး ‌မရှိတော့ဘူးလို့ မင်းတွေးမိလိုက်တဲ့အချိန်မှာ (မင်း နိုးကြားလာပြီး မင်းသတိပြုမိဖို့ သေချာသလောက်ရှိတာက) မင်းနဲ့ လိုက်ဖက်တဲ့သူ တယောက်ကို မင်း ရှာတွေ့ပါလိမ့်မယ်။ 

#9_နောက်တယောက်နဲ့စခန်းသွားလိုက်ပါ

(BONE another dude)

⚜️ တကယ်ကြီးလားဆိုပေမယ့်လည်း တကယ်ကြီးပါ။ နောက်ဘဲတဗွေနဲ့ စခန်းသွားလိုက်ပါ။ မင်း ပထမတွေ့ခဲ့တဲ့သူက မင်းအတွက် လူဆိုးဖြစ်ချင်ဖြစ်နေမှာပေါ့။ ပြဿနာအချိန်တွေထဲက သင်ခန်းစာတွေ တပွေ့တပိုက်နဲ့ နိုးထလာတဲ့ မင်းအနေနဲ့ အခုတွေ့တဲ့တယောက်က မင်းအတွက် Mr. Right ဖြစ်ချင်ဖြစ်နေမှာပေါ့။ ဒါ့ကြောင့် ဒီအခြေအနေမှာ တခါလောက်ထပ်ပြီး ကြိုးစားကြည့်လိုက်ပါလား။

#10_သူ့အကြောင်းအမှတ်ရစေနိုင်တာတွေကိုဖျောက်ပစ်လိုက်ပါ

(GET rid of reminders of him)

⚜️ မင်းတို့နှစ်ယောက်အတူသွားခဲ့လာခဲ့တာတွေကို ရိုက်ထားခဲ့တဲ့ ဓါတ်ပုံတွေကို ဖုန်းလေး ထုတ်ထုတ်ပြီး ကြည့်နေတုန်းပဲလား? သူနဲ့ ချက်တင်ပြောခဲ့တဲ့ စကားတွေကို ပြန်ဖတ်မိနေတုန်းပဲလား? ပုံတွေအကုန်ဖျက်ပစ်လိုက်တော့။ ချက်ထားတဲ့ ပြောထားတဲ့ စာတွေအားလုံးလည်း ဖျက်ပစ်လိုက်တော့။ မင်းဖုန်းထဲကနေ အဲဒါတွေ ဖျက်လိုက်တာတောင်မှ မင်းအတွက် အဆင်မပြေနိုင်သေးဘူးဆိုရင် မင်းအိမ် နဲ့ မင်း အိမ် ပတ်ဝန်းကျင်မှာ ရှိသမျှ သူ့ကို အမှတ်ရစေနိုင်တဲ့ အရာအားလုံး ဖယ်ရှားပစ်လိုက်ပါ။

#11_သူနဲ့အတော်များများအတူသွားလာခဲ့ဖူးတဲ့နေရာတွေကိုရှောင်ပါ

(STAY away from places you frequented with him)

⚜️ မင်းတို့နှစ်ယောက် ချိန်းတွေ့နေကြနေရာ ဆုံနေကြနေရာ သွားလေ့ရှိတဲ့နေရာတွေ ရှိလား? ဘား ဒါမှမဟုတ် စားသောက်ဆိုင် တခုခု? အမြဲတမ်းကြီး ရှောင်ဖို့ မဆိုလိုပေမယ့် အနည်းဆုံး ဒီအချိန်မှာတော့ အဲဒီ နေရာတွေကို မသွားနဲ့ကွာ။ အဲဒီနေရာတွေ ရောက်သွားရင် သူ့အကြောင်း မင်း တွေးမိနေအုံးမယ်။ သူနဲ့ ပတ်သက်ပြီး မင်းစိတ်ထဲမှာ နေသားကျပြီ အဆင်ပြေနေပြီး ဘာမှ မခံစားရတော့ဘူးဆိုရင် မင်းသွားချင်သပါ့ဆို သွားသာသွား။ အဲဒီ အချိန်ကျရင် မင်းအတွေးထဲက အထူးတလည် တွေးမိတော့မှာ မဟုတ်ဘူးလေ။

#12_သူ့အကြောင်းတွေးမိတာကိုလည်း #အနှောက်အယှက်ဖြစ်တယ်‌ဒေါသဖြစ်တယ်အပြစ်ရှိတယ်လို့မခံစားမိစေနဲ့

(DON’T feel guilty/anger/annoyed for thinking about him)

⚜️ ဒီကိစ္စက နည်းနည်းကြီးတယ်။ သူ့အကြောင်းကို မေ့မရတာနဲ့ သူ့အကြောင်းကို တွေးမိနေတာနဲ့တင် မင်းကိုယ်မင်း မမုန်းတီးမိ စိတ်မတိုမိစေနဲ့။ “ငါ ဘာလို့များ သူ့ကို စွဲလမ်းနေရတာလဲ? ဆိုပြီး တွေးတွေးပြီး ဒေါသထွက်နေတာမျိုးတွေ မဖြစ်ပါစေနဲ့။ နှလုံးသားက သူတွေးချင်ရင် တွေးမိသွားတာပဲ။ တစုံတယောက်ကို ကြိုက်မိလို့ နှစ်သက်မိလို့ သဘောကျမိလို့ (နောက်ဆုံး ချစ်မိလို့) အပြစ်ရှိတယ်လို့ ခံစားမိစရာ အကြောင်း ဘာမှ မရှိဘူး။

⚜️ ဒီ အကြံပေးချက်လေးတွေကို အကောင်းဆုံး အသုံးချပြီး ကြိုးစားကြည့်ပါ။ ပြီးရင် ရှေ့ဆက်လျှောက်ကြတာပေါ့။

Comments များ ပေးလိုပါက နွေးထွေးစွာ ကြိုဆိုပါကြောင်းနှင့် အတွင်းကြေဒဏ်ရာများ အမြန်ဆုံး ပျောက်ကင်းနိုင်ပါစေကြောင်း။

(မူရင်း - PRIDE Website)

Adam Lovegood

https://www.pride.com/lovesex/2020/9/02/12-ways-get-him-out-your-head#media-gallery-media-1

------------------

⚜ အမြဲတမ်းပဲလိင်စိတ်ထူးခြားသူတယောက်လိုခံစားမိပါတယ် ဟု အော်စကာဆုရသရုပ်ဆောင်ပြောကြား ⚜

  လျှို့ဝှက်ဆန်းကြယ်ရုပ်ရှင်ဇာတ်ကားကောင်း ကြိုက်သူတိုင်း ‌ဒေါက်တာစထရိန့်ချ် ( Dr. Strange ) ဇာတ်ကားကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲဒီဇာတ်ကားထဲ...